(၅၂ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ(ACCSQ) နှင့်ဆက်စပ်အစည်းအဝေးများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့၊ Novotel Hotelတွင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်ဌာနမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ဉက္ကဌ၊ ဒေါက်တာမျိုးကြွယ်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ACCSQ ဆိုင်ရာ အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်းဒါရူဆလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ ACCSQ ဆိုင်ရာ မြန်မာနိုင်ငံမှ focal point များ၊ လုပ်ငန်းအဖွဲ့(၃)ဖွဲ့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ထုတ်ကုန်လုပ်ငန်းအဖွဲ့ဝင်များ၏ focal point များအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
(၅၂) ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ(ACCSQ) အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ Thai Industrial Standards Institute (TISI)၊ International Affairs Division၏ ဒါရိုက်တာဖြစ်သူ Mr. Chaiyavat Tangkrock-olanမှ ဉက္ကဌအဖြစ်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ၊ Directorate for Standards, Metrology and Quality (STAMEQ)၊ International Cooperation Department၏ Acting Directorဖြစ်သူ Ms. Vu Thi Tu Quyenတို့မှ ဒုဉက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်း မဟာဗျုဟာ ၂၀၁၆-၂၀၂၅ အပေါ် ဆောင်ရွက်နိုင်မှုများကို သုံးသပ်ခြင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံများအချင်းချင်းအပြန်အလှန်အသိအမှတ်ပြုအစီအစဉ်ဆိုင်ရာ သဘောတူညီချက်မူဘောင် အား ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းအဖွဲ့နှင့်ထုန်ကုန်လုပ်ငန်းအဖွဲ့တို့မှ တင်ပြလာသည့် တိုးတက်မှုများ၊ တိုးချဲ့လိုသည့် နယ်ပယ်အသစ်များအတည်ပြုခြင်း၊ အာဆီယံနှင့်ချိတ်ဆက်၍လွတ်လပ်သော ကုန်သွယ်မှု ဒေသထူထောင်ရေးဆောင်ရွက်နေသော နိုင်ငံများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ အာဆီယံနှင့် ပူးပေါင်း၍ နည်းပညာအထောက်အပံ့များ ပေးလျက်ရှိသည့် အခြေအနေများကို သုံးသပ်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ACCSQ နှင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ISO၊ IEC ၊ PTB (Germany)၊ EU ARISE Plus၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနိုင်ငံ တို့နှင့် ဆက်စပ်အစည်းအဝေးများကိုလည်း အစည်းအဝေးအစီအစဉ်အရ ကျင်းပခဲ့ပါသည်။