အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ISO/IEC 17025:2017 Accreditation လက်မှတ် လက်ခံရရှိခြင်းအခမ်းအနားနှင့် စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို (၄.၂.၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီ၌ အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ) တွင် ပြုလုပ် ကျင်းပ ခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တိုင်းတာခန်း၊ ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း၊ PTB (Germany) မှ ကျွမ်းကျင်ပညာရှင် ဒေါက်တာတင်ဝင်း တို့က အဖွင့်အမှာစကားများပြောကြားကြပါသည်။
ထို့နောက် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ၏ အလေးချိန်နှင့်ချိန်ခွင် တိုင်းတာခန်းမှ ရရှိသော ISO/IEC 17025:2017 Accreditation လက်မှတ် ကို ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးထံသို့ အိန္ဒိယနိုင်ငံ၊ National Accreditation Board for Testing and Calibration Laboratories (NABL) မှ Joint Director Mr. Alok Jain ကပေးအပ်ပါသည်။
ဆက်လက်၍ “NABL/QCI Accreditation and ISO/IEC 17025” ခေါင်းစဉ်ဖြင့် NABL မှ Joint Director ဖြစ်သူ Mr. Alok Jain ကလည်းကောင်း၊ “ISO/IEC 17025:2017 Implementation at NIMM” ခေါင်းစဉ်ဖြင့် PTB မှ ကျွမ်းကျင်ပညာရှင် Mr. Bunjob Suktat ကလည်းကောင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင် က “Industrial Metrology and extended calibration services of NIMM” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်ပြောကြားကြပါသည်။ ထို့နောက် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ၏ အလေးချိန်နှင့်ချိန်ခွင် တိုင်းတာခန်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမာလာဝင်းက “Sharing experience of NABL accreditation of Mass Laboratory” ခေါင်းစဉ်ဖြင့် ISO/IEC 17025:2017 Accreditation လက်မှတ်ရရှိအောင် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ NABL မှ Joint Director ဖြစ်သူ Mr. Alok Jain၊ PTB (Germany) မှ ကျွမ်းကျင်ပညာရှင် ဒေါက်တာတင်ဝင်း နှင့် Mr. Bunjob Suktat၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ (မြန်မာ) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင် တို့၏ စကားဝိုင်း ဆွေးနွေးပွဲကို “The important Role of NIMM and reliable measurement for Industry” ခေါင်းစဉ်ဖြင့်ပြုလုပ်ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး၊ တာဝန်ရှိသူအသီးသီးက ပြန်လည်ရှင်းလင်းဖြေကြားကြပါသည်။
ထို့နောက် တက်ရောက်လာကြသူများသည် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ရှိ တိုင်းတာခန်းများကို လှည့်လည်လေ့လာကြပါသည်။
တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ၏ အလေးချိန်နှင့်ချိန်ခွင်တိုင်းတာ ခန်း မှ ISO/IEC 17025:2017 Accreditation လက်မှတ်ရရှိရေးအတွက် PTB (Germany) မှ နည်းပညာဆိုင်ရာအကူအညီများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။ ကျန်တိုင်းတာခန်းများ ဖြစ်သည့် အပူချိန်ဆိုင်ရာတိုင်းတာခန်း၊ ထုထည်တိုင်းတာခန်း၊ ဖိအားတိုင်းတာခန်း၊ လျှပ်စစ်ဆိုင်ရာတိုင်းတာခန်း နှင့် အရွယ်အစားတိုင်းတာခန်း တို့သည်လည်း ISO/IEC 17025:2017 Accreditation လက်မှတ်ရရှိရေးအတွက် ဆက်လက်ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။